Wednesday, September 10, 2008

IP Address ကို ဘယ်သူ့ဆီကတောင်းရမလဲ


Internet ကိုအမေရိကန်ကစခဲ့တာဆိုတော့ အင်တာနက်နဲ့ပတ်သက်တဲ့အရေးကြီးတဲ့သတင်းအချက်အလက်တွေကို သူတို့ကဘဲထိန်းချုပ်ထားတာပေါ့။ IP Address နဲ့ Domain name တွေကိုအင်တာနက်ရဲ့အစပိုင်းမှာ ထိန်းချုပ်တဲ့အဖွဲ့အစည်းက ICANN (Internet Corporation for Assigned and Number) ဖြစ်ပါတယ်။ အိုင်ကန်း လို့လဲခေါ်ပါတယ်။ အိုင်ကန်း ကအမေရိကန်အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနကနေ ကန်ထရိုက်ရထားတာဖြစ်ပါတယ်။
အိုင်ကန်းရဲ့အောက်မှာရှိတဲ့ IANA (Internet Assigned Numbers Authority) ကတော့ အင်တာနက်ရဲ့ domain name တွေနဲ့ IP address တွေကို ကြီးကြပ်ထိန်းချုပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ domain name ကတော့ အများသိကြတဲ့အတိုင်း ကိုယ်ကြိုက်တဲ့ domain ရောင်းသူဆီက၀ယ်လို့ရပါတယ်။ အားလုံးက စီးပွားရေးဆန်ဆန်လုပ်ကြပါတယ်။

IP address ကိုတော့ domain name လိုစီးပွားရေးဆန်ဆန်မရောင်းပါဘူး။ IANA က ကမ္ဘာပေါ်မှာရှိတဲ့ ဒေသအလိုက် RIR (Regional Internet Registry) တွေဆီကိုပြန်လည်တာဝန်ခွဲပေးပါတယ်။ RIR တွေကတော့ -
၁၊ အမေရိက (ARIN) American Registry for Internet Numbers
၂၊ ဥရောပ (RIPE) Réseaux IP Européens Network Coordination Centre
၃၊ အာရှ ပစိဖိတ် (APNIC) Asia-Pacific Network Information Center
၎၊ တောင်အမေရိကနှင့် ကာရေးဘီးယန်းကျွန်းစုများ (LACNIC) Latin America and Caribbean Network Information Center
၅၊ အာဖရိက (AfriNIC) African Network Information Center
တို့ဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင်ကတော့ ARIN နဲ့ဘဲဆက်ဆံဘူးပါတယ်။ များသောအားဖြင့်တော့ email နဲ့ဘဲ အစအဆုံးလုပ်သွားတာပါ။ လိုအပ်လို့ ဖုံးနဲ့ပြောရရင်လဲ ARIN ကလူတွေကပြောရဆိုရ အရမ်းအဆင်ပြေပါတယ်။
၂၀၀၈ ခုနှစ်မှာ ARIN ကနေ IP Address လိုချင်ရင် အသေးဆုံး block က /22 ဖြစ်ပါတယ်။ IP Address ၁၀၂၄ ခုရတာပေါ့။ ၂၀၀၁ ခုနှစ်တုံးကတော့ /19 block ကအသေးဆုံးဖြစ်ပါတယ်။ ARIN ဆီက IP Address တောင်းဖိုရဆိုရင်
၁၊ BGP AS Number ရပြီးသားဖြစ်ရပါမယ်။
၂၊ Internet Service Provider (ISP) အနည်းဆုံး ၂ ဦးကိုအသုံးပြုမှဖြစ်ကြောင်း သက်သေပြနိုင်ရပါမယ်။
၃၊ ကိုယ်တောင်းသလောက် IP Address တွေကို ဘယ်လိုနေရာမှာသုံးမယ်ဆိုတာကို ရှင်းပြရပါမယ်။ (တခါတလေလည်း လုပ်ကြံပြီးရေးရတာပေါ့။)
ရလာတဲ့ IP Address ကို ကိုယ်ကအပိုင်ရတာမဟုတ်ပါဘူး။ ကိုယ်မသုံးတော့ဘူးဆိုရင် ARIN ကိုပြန်ပေးရပါမယ်။ တနှစ်တစ်ခါ နှစ်စဉ်ကြေးပေးရပါမယ်။ ဥပမာ /20 block အတွက် တနှစ်ကို ဒေါ်လာ ၂၂၅၀ ပေးရပါတယ်။ block အရွယ်အစားပေါ်မူတည်ပြီး ဈေးကွာသွားပါတယ်။ အသေးစိတ်ကို ဒီမှာဖတ်ကြည့်ပါ။

တကယ်လို့ RIR ဆီက အကြောင်းကြောင်း IP Address တောင်းလို့မရဘူးဆိုရင်တော့ ကိုယ်သုံးမဲ့ ISP ဆီကနေတောင်းလို့ သေချာပေါက်ရနိုင်ပါတယ်။ ISP တွေမှာ RIR ဆီကနေတောင်းထားတဲ့ IP Address တွေအမြဲတန်းလိုလို အရံသင့်ရှိပါတယ်။

Post a Comment