Saturday, November 22, 2008

IPv4 သက်တမ်းကုန်မဲ့နေ့


လွန်ခဲ့တဲ့ ၂ လကျော်လောက်က Router တွေ သေတဲ့နေ့ ဆိုတဲ့ ခေါင်းစဉ်တစ်ခု ရေးခဲ့ပါတယ်။

အင်တာနက်မှာ လက်ရှိသုံးနေတဲ့ addressing စနစ်က IP version 4 ဖြစ်ပြီး IP address တစ်ခုမှာ 32-bits (4 bytes) ရှိတယ်ဆိုတာ သိကြမှာပါ။ ကွန်ပျူတာ စုစုပေါင်း ၃၂ ဘီလီယန် ကိုလိပ်စာပေးနိုင်တယ်လို့ ထင်ရပေမယ့် တကယ်တန်း ဒီထက်အများကြီးနည်းပါတယ်။

အောက်မှဖေါ်ပြထာတဲ့ address တွေကို အင်တာနက်မှာ တိုက်ရိုက်ချိတ်ဆက်လိုတဲ့ ကွန်ပျူတာတွေကို သုံးလို့မရပါဘူုး။
၁၊ ၁၀.x.x.x - (private address - see RFC-1918)
၂၊ ၁၂၇.x.x.x (loopback for localhost - see RFC-3300)
၃၊ ၁၇၂.၁၆.x.x ကနေ ၁၇၂.၃၁.x.x (private address - see RFC-1918)
၎၊ ၁၉၂.၁၆၈.x.x (private address - see RFC-1918)
၅၊ ၂၂၄.၀.၀.၀ မှ ၂၃၉.၂၅၅.၂၅၅.၂၅၅ (multicast - see RFC-3171)
၆၊ ၂၄၀.၀.၀.၀ မှ ၂၅၅.၂၅၅.၂၅၅.၂၅၅ (reserved - see RFC-3300)

IP address တွေကို ထိန်းချုပ်တဲ့ ဗဟိုအဖွဲ့အစည်းကတော့ IANA (Internet Assigned Numbers Authority) ဖြစ်ပါတယ်။ IP address လိုအပ်သူတွေကို IANA က ဒေသဆိုင်ရာ အင်တာနက် မှတ်တမ်းတင်ရုံးခွဲတွေကတဆင့် ချေးငှားပေးပါတယ်။ အဲဒီရုံးခွဲတွေကို RIR (Regional Internet Registry) လို့ခေါ်ပါတယ်။ လောလောဆယ် ကမ္ဘာပေါ်မှာ RIR ၅ ခုရှိပါတယ်။
ပို စုံစုံလင်လင်သိချင်ရင်IP Address ကို ဘယ်သူ့ဆီကတောင်းရမလဲ ဆိုတဲ့ခေါင်းစဉ်ကိုပြန်ဖတ်ကြည့်ပါ။

IP address ဖြန့်ဝေပုံကို အကျမ်းပြောရရင် -
၁၊ IANA -> RIR -> ISP -> Home User
၂၊ IANA -> RIR -> ISP -> Organizations (single-homed i.e. single Internet connection)
၃၊ IANA -> RIR -> Organizations (multi-homed i.e. multiple Internet connections from multiple ISPs

IANA က RIR တွေကို တစ်ကြိမ်မှာ /8 block ၂ ခုပေးပါတယ်။ /8 block တစ်ခုမှာ IP address ၁၆ သန်းကျော် ပါပါတယ်။ သဘောတူထားတဲ့ စည်းမျဉ်းကတော့ RIR တွေရဲ့လက်ထဲမှ ဖြန့်ဝေပေးဖို့ IP address ၉ လစာ ရှိရပါမယ်။ ဒိထက်နဲသွားရင် IANA ဆီက ထပ်တောင်းခွင့်ရှိပါတယ်။ လက်တွေ့မှာတော့ RIR တွေက သူတို့ရဲ့လက်ထဲမှာရှိတဲ့ IP address အရေအတွက် /8 block ၂ ခုထက် လျော့သွားရင် IANA ကထပ်တောင်းပါတယ်။ တနည်းပြောရရင်တော့ ISP တွေ၊ Organization တွေက IP address သုံးစွဲတဲ့နှုံးဟာ ၉ လတိုင်းမှာ ၃၂ သန်းခန့် (2 x /8 block) ရှိတယ်လို့ ယူဆနိုင်ပါတယ်။

၂၀၀၈ ခုနှစ် သြဂုတ်လ စာရင်းအရ IANA ရဲ့လက်ထဲမှ /8 block ၃၈ ခုကျန်ပါတော့တယ်။ ခန့်မှန်းတာကတော့ ၂၀၀၉ ခုနှစ်မှာ /8 block ၁၅ ခုလောက် ကုန်သွားပြီး၊ ၂၀၁၀ မှာ ၁၅ ခုထက်နဲနဲပိုကုန်သွားနိုင်ပါတယ်။ ဒီနှုန်းနဲ့ဆိုရင် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလရောက်ရင် IANA ရဲ့ လက်ထဲမှာ IPv4 address ကျန်တော့မှာမဟုတ်ပါဘူး။

အဆိုးဝါးဆုံးဖြစ်နိုင်တာကတော့ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ အင်တာနက်ကို ချိတ်ဆက်မဲ့ကွန်ပျူတာတွေကနဲ့ အဲဒီအရင်က ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေ ဆက်သွယ်လို့ မရတော့ဘဲ အင်တာနက် နှစ်ခြမ်းကွဲသွားမှာဖြစ်ပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့အတွက် IP version 6 (RFC-2460) ကို ၁၉၉၈ ခုနှစ်ကထဲက စံပြုခဲ့ပေမယ့် အခုအချိန် (၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်း) အထိ IPv6 ကို ပြောင်းလဲ အသုံးပြုကြတဲ့ အဖွဲ့အစည်းဆိုတာ မရှိသလောက်နည်းပါးပါတယ်။

နောက်ဆုံးမိနစ်အထိ အလုပ်မလုပ်ဘဲ အချိန်ဆွဲတယ်ဆိုတာ လူအများစုရဲ့အကျင့်ပါ။ ဒါပေမယ် IPv6 ကိုပြောင်းလဲဖို့ အချိန်ဆွဲတာကတော့ မီးနဲ့ကစားသလိုဖြစ်တယ်လို့ထင်ပါတယ်။ ၁၉၉၉ ခုနှစ် နှစ်ကုန်ပိုင်းက Y2K ပြသနာကြောင့် IT လောကမှာ အလုပ်တွေအရမ်းတွင်ကျယ်ခဲ့ပါတယ်။ ခေတ်မမှီတော့တဲ့ COBOL Programmer တွေတောင် အလုပ်ကောင်းကောင်းရလိုက်ကြသေးတယ်လို့ကြားမိပါတယ်။ သိပ်တော့ ကြာကြာမခံဘူးပေါ့။
ကျွန်တော့အထင်တော့ ၂၀၁၀ ခုနှစ်ဆန်းပိုင်းမှာ IPv4 ကနေ IPv6 ကိုပြောင်းဖို့အတွက် ကုမ္ပဏီတွေပြာပြာသလဲ လုပ်ကြရင် IPv6 ကျွမ်းကျင်သူများအတွက် အလုပ်အကိုင်အသစ်တွေ ပေါ်လာနိုင်တယ်လို့ထင်ပါတယ်။

Post a Comment