Thursday, July 17, 2008

IP Fragmentation




ပုံမှာပါတဲ့ Host0 နဲ့ Router0 ကို Ethernet နဲ့ ဆက်သွယ်ထားပြီး၊ Router0 နဲ့ Router1 ကို X.25 နဲ့ဆက်ထားတယ်ဆိုပါစို့။ ၁၉၉၅ ခုနှစ်လောက်က ဗမာပြည်မှာရှိတဲ့ Network တစ်ခုပေါ့။ :)
Ethernet ပေါ်မှာ သွားလို့ရတဲ့ အကြီးဆုံး Frame အရွယ်အစားက ၁၅၀၀ bytes ဖြစ်ပြီး၊ X.25 ပေါ်မှာ သွားလို့ရတဲ့ အကြီးဆုံး Frame အရွယ်အစားက ၅၇၆ bytes ဖြစ်ပါတယ်။ ဒီအရွယ်အစားကို အကြီးဆုံးပို့ပေးနိုင်တဲ့ယူနစ် (Maximum Transfer Unit or MTU) လို့ခေါ်ပါတယ်။ MTU ဆိုတာ OSI 2nd Layer မှာရှိတဲ့ Framing ကနေ သတ်မှတ်ထားတဲ့ တန်ဖိုးဖြစ်ပြီး၊ တန်ဖိုး အမျိုးမျိုး ရှိပါတယ်။
ဝီကီပီးဒီးယားက ဇယားမှာ ကြည့်ကြည့်ပါ။

Host0 ကနေ Host2 ဆီကို IP packet တွေပို့တာကိုစဉ်းစာကြည့်ရအောင်။ Host0 က Ethernet နဲ့ တိုက်ရိုက်ချိတ်ထားတာဆိုတော့ ၁၅၀၀ bytes အရွယ် packet ကို ပို့ပေးလိုက်တယ်။ Router0 ဆီရောက်တော့ အဲဒီ packet ကို Router1 ပို့တဲ့နေရာမှာ MTU အရွယ်မတူတဲ့ အတွက်ကြောင့် packet ကို အပိုင်းပိုင်း ဖြတ်ပြီးမှ ပို့ပေးလို့ရပါတယ်။ အဲလို အပိုင်းပိုင်းဖြတ်တာကို fragment လုပ်တယ်လို့ခေါ်ပါတယ်။ ကျွန်တော်ပေးတဲ့ ဥပမာမှာဆိုရင် Host0 က ၁၅၀၀ bytes packet ကို ၃ ပိုင်း ဖြတ်ပြီးမှ Router0 ကနေ Router1 ဆီကိုပို့ပေးလို့ ရပါမယ်။

Router1 က packet ၃ ခုကိုရတဲ့အခါမှာ ၁၅၀၀ bytes packet ဖြစ်အောင် ပြန်ပြီး မတွဲပေးပါဘူး။ Packet ၃ ခုကို ဒီအတိုင်းဘဲ Host1 ဆီကို ပို့ပေးလိုက်ပါတယ်။ Host1 ကမှ ရတဲ့ packet ၃ ခုကို နဂိုအတိုင်းပြန်ဖြစ်အောင် ပြန်တွဲပေးပါတယ်။ အဲလိုလုပ်တာကို packet reassembly လုပ်တယ်လို့ ခေါ်ပါတယ်။

IP packet fragmentation နဲ့ reassembly ဆိုတာ လိုအပ်လို့ တီထွင်ခဲ့တာဖြစ်ပေမယ့်၊ တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်
၁၊ Router တွေဟာ packet ကိုမြန်မြန်ပို့ပေးရမည့်အစား၊ fragmentation အလုပ် ပိုလုပ်နေရတယ်၊
၂၊ Packet တွေကို လက်ခံတဲ့ကွန်ပျူတာကလည်း၊ data ကို ချက်ခြင်းသုံးလို့မရဘဲ reassembly လုပ်နေရတယ်၊

Fragmentation လုပ်တဲ့ Router မှာရော၊ လက်ခံတဲ့ကွန်ပျူတာမှာ ရှိတဲ့ CPU နဲ့ Memory ကို ပိုသုံးရတယ်။
ကွန်ပျူတာ သုံးစွဲသူအတွက်ကတော့ Host0 ကနေ Host1 ကို ဖိုင်တစ်ခုပို့ရင် လိုတာထက်ပိုနှေးမှာဖြစ်ပြီး၊ email ဖတ်တာ၊ web browse လုပ်တာတွေ ပိုနှေးစေမှာဖြစ်ပါတယ်။

ဒီပြသနာကို ဖြေရှင်းဖို့ အလွယ်ဆုံးနည်းကတော့ Network မှာရှိတဲ့ အငယ်ဆုံး MTU အရွယ်အစားကို သိအောင်လုပ်ပြီး၊ ကွန်ပျူတာတွေ အားလုံးရဲ့ default MTU တန်ဖိုးကို လိုက်ပြင်ဖို့ဖြစ်ပါတယ်။ Linux မှာ MTU ကို configuration ဖိုင်မှာပြင်လို့ရပြီး၊ Windows မှာတော့ Registry တန်ဖိုးကိုပြင်ရပါတယ်။ Linux မျိုးစုံ၊ Windows မျိုးစုံဆိုတော့ file နာမည် နဲ့ registry key value တွေက အမျိုးမျိုး ကွဲနေပါတယ်။ Windows မှာ အလွယ်တကူပြင်လို့ရတဲ့ Dr. TCP ဆိုတဲ့ program ကို http://www.dslreports.com/drtcp မှာ download လုပ်နိုင်ပါတယ်။

ဒီမှာ ခင်ဗျားတို့မေးစရာ မေခွန်းအချို.ရှိမယ်။
၁၊ MTU သေးသွာတော့ packet တွေပိုများလာပြီး Router တွေနဲ့၊ လက်ခံရတဲ့ကွန်ပျူတာ ပိုအလုပ်မရှုပ်ဖူးလား ?
၂၊ Network ခပ်သေးသေးဆိုရင် ထားပါတော့၊ အင်တာနက်ပေါ်မှာရှိတဲ့ Router သောင်းခြောက်ထောင် ရဲ့ MTU တန်ဖိုးတွေကို ဘယ်လိုလုပ် သိနိုင်ပါ့မလဲ?

အဖြေ ၁၊
ပိုအလုပ်ရှုပ်တယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် Router တွေက Packet တွေအမြန်ဆုံးပို့နိုင်အောင် တီထွင်ထားတာဖြစ်လို့ fragment လုပ်ရရင် အားလုံးနှေးသွားပါမယ်။ MTU တန်ဖိုးကို ရွေးတဲ့အခါမှာ အသေးဆုံး ဂဏန်းထက် ပိုမသေးအောင်ရွေးဖို့ အရေးကြီးပါတယ်။ အထက်ကပြောခဲ့တဲ့ ဥပမာမှာ MTU ကို ၅၇၆ bytes အစား၊ ၁၀၀ bytes လို့ရွေးခဲ့မယ်ဆိုရင် - fragment အလုပ်ခံရတဲ့ packet 3 ခု အစား packet 15 ခုဖြစ်သွားမယ်။ ဒီလိုဆိုရင်တော့ တော်တော်မိုက်မဲတဲ့ အင်ဂျင်နီယာ ဖြစ်သွားပြီ။

အဖြေ ၂၊
Network ကြီးကြီး သို့မဟုတ် အင်တာနက်မှာ အသေးဆုံး MTU ကို အလိုလျောက် လိုက်ရှာတာ ကို လွန်ခဲ့တဲ့ ၁၉၉၀ မှာ အကြံပြု တီထွင်ခဲ့ ပါတယ်။ အဲဒီ နည်းလမ်းကို Path MTU Discovery လို့ခေါ်ပါတယ်။ RFC-1191 မှာဖတ်ကြည့်နိုင်ပါတယ်။ Path MTU-D အကြောင်းကို မကြာခင် ရေးသွားပါမယ်။

Post a Comment