Wednesday, July 16, 2008

အမေရိက ရဲ့ ပထမဦးဆုံးသမ္မတ အချို.


၁၇၇၆ ခု၊ ဇူလိုင်လ ၄ ရက်နေ့မှာ အမေရိကန်လွတ်လပ်ရေးကို ကြေငြာခဲ့ပါတယ်။ အင်္ဂလန် ဘုရင် ရဲ့လက်အောက်မှာ အခွန်ပေးရတာ ကိုမကြေနပ်တဲ့အကြောင်းက အခြေခံပြီး ၁၇၇၅ ခုနှစ်ကစပြီး စစ်ဖြစ်ခဲ့ပါတယ်။ အင်္ဂလန်နဲ့ အမေရိကန် စစ်ဟာ ၁၇၇၅ က ၁၇၈၃ ခုနှစ်အထိ ကြာခဲ့ပြီး၊ အမေရိကန် စစ်တပ်ကို ဂျော့ဝါရှင်တန် (၁ ဒေါ်လာတန် စက္ကူပေါ်ကပုံ) က ဦးဆောင်ခဲ့ပါတယ်။

၁၇၈၃ ခု စက်တင်ဘာလ ၃ ရက်နေ့မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို.မှာ ချုပ်ဆိုခဲ့တဲ့စာချုပ်အရ၊ အမေရိကန်နဲ့ အင်္ဂလန် စစ်ရပ်စဲပြီး၊ အင်္ဂလန်က အမေရိကန် လွတ်လပ်ရေးကို အသိပြုခဲ့ပါတယ်။

အမေရိကန်လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့သူတွေထဲက
၁၊ ဂျော့ဝါရှင်တန် (George Washington)
၂၊ ဘင်ဂျမင် ဖရင်ကလင် (ဒေါ်လာ ၁၀၀ တန် စက္ကူပေါ်ကပုံ) (Benjamin Franklin)
၃၊ သောမတ် ဂျက်ဖာဆင် (Thomas Jefferson)
၎၊ ဂျွန် အက်ဒမ်စ် (John Adams)

တို့ က အဓိက အကျဆုံးလူတွေလို့ ဆိုရပါမယ်။

၁၊ ဂျော့ဝါရှင်တန် - အမေရိကန်စစ်တပ်ရဲ့ ပထမဦးဆုံးခေါင်းဆောင်ဖြစ်ပြီး၊ အမေရိက ရဲ့ ပထမဦးဆုံး သမ္မတဖြစ်ပါတယ်။ ၁၇၈၉ ကနေ၊ ၁၇၉၇ ခုနှစ်အထိ သက်တန်းပြည့် သမ္မတတာဝန် ယူခဲ့ပါတယ်။

၂၊ ဘင်ဂျမင် ဖရင်ကလင် - ကတော့ စွယ်စုံရတဲ့ အတွေးအခေါ်ပညာရှင် ခေါင်းဆောင်ဖြစ်ပါတယ်။ ရူပဗေဒ၊ လျှပ်စစ်၊ ဂီတ စတဲ့ ပညာရပ်နဲ့ ပတ်သက်တဲ့ ပစ္စည်း ကိရိယာ များစွာကို တီထွင်ခဲ့ပါတယ်။ (ဥပမာ - ဘိုင်ဖိုကယ်မျက်မှန်၊ မိုးကြိုးလွဲ) ။ အမေရိကန် လွတ်လပ်ရေး အတွက် ထမ်းဆောင်ခဲ့တဲ့တာဝန်တွေထဲက တစ်ခုကတော့ - ပြင်သစ်အစိုးရရဲ့ ငွေကြေးနဲ့ နိုင်ငံရေး အထောက်အကူကို ရအောင် အောင်မြင်စွာ ညှိနှိုင်းခဲ့တာမို့ ၁၇၈၃ မှာ အမေရိကန်နိုင်ငံကို အသိအမှတ်ပြုတဲ့ စာချုပ် ချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၃၊ သောမတ် ဂျက်ဖာဆင် - အမေရိကန်ရဲ့ တတိယ သမ္မတဖြစ်ပါတယ်။ ၁၈၀၁ ကနေ၊ ၁၈၀၉ ခုနှစ်အထိ သက်တန်းပြည့် သမ္မတတာဝန် ယူခဲ့ပါတယ်။ ဘင်ဂျမင် ဖရင်ကလင်လို စွယ်စုံရ ပညာရှင် ဖြစ်ပါတယ်။ အမေရိကန် လွတ်လပ်ရေး ကြေငြာစာတမ်းကို ဦးဆောင်ပြီး ရေးခဲ့သူ ဖြစ်ပါတယ်။ သူက တစ်ယောက်တည်း စရေးပြီး အခြားလူတွေက နောက်ပိုင်းမှာ ၀င်ပြင်ကြတယ်လို့ ဆိုပါတယ်။

၎၊ ဂျွန် အက်ဒမ်စ် - အမေရိကန်ရဲ့ ဒုတိယ သမ္မတ ဖြစ်ပါတယ်။ အဲဒါမတိုင်ခင် ဂျော့ဝါရှင်တန် လက်ထက်မှာလဲ ဒု-သမ္မတ တာဝန်ကို ယူခဲ့ပါတယ်။ ၁၇၈၉ ကနေ၊ ၁၈၀၁ ခုနှစ်အထိ သမ္မတတာဝန် ယူခဲ့ပါတယ်။ မန်ဆာချုးဆက် ပြည်နယ်က ရှေ.နေဖြစ်ပြီး၊ အင်္ဂလန်အစိုးရနဲ့ ပထမဦးဆုံး စစ်စဖြစ်တဲ့ နယ်မြေဖြစ်ပါတယ်။ အမေရိကန်လွတ်လပ်ရေးကြေငြာဖို့ အချို.ပြည်နယ်တွေက မလိုလားပေမယ့်၊ ဂျွန် အက်ဒမ်စ် က အမေရိကန် လွတ်လပ်ရေးအတွက် ဦးစီး ဦးဆောင် ခဲ့တဲ့သူ ဖြစ်ပါတယ်။

၁၈၂၆ ဇူလိုင်လ ၄ ရက်၊ လွတ်လပ်ရေး ကြေငြာပြီး အနှစ် ၅၀ နှစ်ပတ်လယ်နေ့မှာ သောမတ် ဂျက်ဖာဆင် နဲ့ ဂျွန် အက်ဒမ်စ် တို့ တရက်ထဲမှာ ကွယ်လွန်သွားကြပါတယ်။ ဂျက်ဖာဆင်က နာရီ နည်းနည်းစောပြီး ဆုံးသွားတာဖြစ်ပါတယ်။ ဂျွန် အက်ဒမ်စ် နဲ့ မသေခင် နောက်ဆုံးစကားက "ဂျက်ဖာဆင် အသက်ရှင်သေးတယ်" ("Jefferson lives") လို့ ဆိုကြပါတယ်။
သူတို့ ကြိုးစား ရယူခဲ့တဲ့ လွတ်လပ်ရေးကို အနှစ် ၅၀ စောင့်ကြည့်ပြီးမှာ စိတ်ချသွားကြတယ် လို့ပြောရမလားဘဲ။

ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကတော့ ဗမာပြည်လွတ်လပ်ရေးရတာ သိမသွား၊ မြင်မသွားရရှာပါဘူး။

Post a Comment