Wednesday, June 18, 2008

ကျွန်တော် အားကျသော ပညာရှင်များ (၁) ...


၁၉၉၀ မှာ ကွန်ပျူတာတက္ကသိုလ် ပထမနှစ်စတက်တော့ Bill Gates ၊ Steve Jobs ၊ Steve Wozniak ၊ Andy Grove တို့အကြောင်းတွေ ဖတ်ပြီး အရမ်း အထင်ကြီးလေးစားခဲ့ပါတယ်။ ကိုယ်တိုင်လည်း သူတို့လောက် နီးနီးများ ထူးချွန်တတ်မြောက်သူ ဖြစ်လေမလားလို့ စိတ်ကူးယဉ်ခဲ့ဘူးတာ မရှက်မကြောက်ဝန်ခံပါတယ်။ ကနေ့ ၁၈ နှစ်လောက် ကြာပြီးတဲ့အချိန်မှာ ဘာတွေဖြစ်နိုင်၏ ၊ မဖြစ်နိုင်၏ ဆိုတာ ကောင်းကောင်းသိလာပါပြီ။ ထားပါတော့ ၊ ၀မ်းနည်းစရာတွေ မပြောတော့ပါဘူး။

အင်တာနက်ကို ဒီနေ့အခြေအနေရောက်အောင် စတင်တီထွင်ခဲ့တဲ့ သူတွေ၊ ပြန့်ပွားတိုးတက်အောင် နေ့မအိပ်ညမအိပ် လုပ်ခဲ့ကြသူတွေထဲက တချို့ ရဲ့ ဘ၀ဇာတ်လမ်းတိုလေးတွေကို ကျွန်တော်လက်လှမ်းမီသလောက် ရေးသွားပါမယ်။ ကျွန်တော်တို့ ရေးနေ၊ ဖတ်နေ၊ အသုံးပြုနေတဲ့ Blogger.com ၊ YouTube ၊ MySpace ၊ Facebook စတဲ့ Application တွေ၊ Service တွေဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်းက နည်းပညာရှင်များက တီထွင်ခဲ့ကြတဲ့ နည်းပညာတွေပေါ်မှာ အခြေခံထား တယ်ဆိုတာကို သတိထားမိစေချင်ပါတယ်။

၁၊ Vinton Cerf


မွေးနေ့
ဇွန်လ ၂၃၊ ၁၉၄၃
မွေးနေရာ
နယူးဟေဗင်မြို့၊ ကော်နက်တီကတ်ပြည်နယ်၊ အမေရိက
လက်ရှိအလုပ်အကိုင်
အင်တာနက်ပြန့်ပွားရေးလှုံဆော်ရေးမှူးချုပ်၊ ဂူဂယ် (Chief Internet Evangelist, Google)
ပညာအရည်အချင်း
ကျွန်ပျူတာသိပ္ပံ PhD ၊ UCLA (၁၉၇၂)


Dr. Cerf ကို "အင်တာနက်ရဲ့ဖခင်" လို့ လေးစားသမှုနဲ့ ခေါ်ကြပါတယ်။ ၁၉၈၁ စက်တင်ဘာလမှာ Dr. Cerf ပါဝင်ရေးသားခဲ့တဲ့ IP (Internet Protocol) RFC-791 စာတန်းဟာ အင်တာနက်ရဲ့ အခြေခံအကျဆုံးစာတမ်းတစ်ခုဖြစ်ပါတယ်။ TCP (Transmission Control Protocol) RFC-793 ကိုလည်း တစ်ချိန်ထဲလိုလို မှာပါဝင်ရေးသားခဲ့ပါတယ်။ TCP/IP ကို တီထွင်ခဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။ Dr. Cerf နဲ့ လုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်းတွေ အင်တာနက်ကို စပြီးတည်ဆောက်ခဲ့တဲ့အကြောင်းကို Where Wizards Stay Up Late စာအုပ်မှာ ဖတ်ကြည့်ပါ။ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။

၂၊ Bill Joy


မွေးနေ့
ဖေဖေါ်ဝါရီ ၈၊ ၁၉၅၄
မွေးနေရာ
ဒီးထရွိုက်မြို့ ၊ မီရှီဂန်ပြည်နယ်၊ အမေရိက
လက်ရှိအလုပ်အကိုင်
နည်းပညာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူ (Technology Investor, KPCB)
ပညာအရည်အချင်း
လျှပ်စစ်အင်ဂျင်နီယာ နှင့် ကျွန်ပျူတာသိပ္ပံ Master ၊ UC Berkeley (၁၉၇၉)


Bill Joy အင်တာနက်မှာ တီထွင်ခဲ့တာတွေများလွန်းလှလို့ Fortune Magazine က "အင်တာနက်ရဲ့ အက်ဒီဆင်" လို့အမည်ပေးခဲ့ပါတယ်။
ကျွန်တော်ဖတ်ဖူး၊ ကြားဖူးသလောက်ပြောရလျင် -
၁၊ UC Berkeley မှာ ကျောင်းတက်နေတုံးက BSD Unix Operating System ကိုတစ်ယောက်ထဲ ဒိုင်ခံရေးခဲ့တယ်၊
၂၊ UC Berkeley မှာ ကျောင်းတက်နေတုံးက TCP/IP code ကို BSD OS ထဲရောက်အောင် တစ်ယောက်ထဲ ရေးခဲ့တယ်၊
၃၊ ၁၉၈၂ UC Berkeley မှာ ကျောင်းတက်နေတုံး သူငယ်ချင်း အသိတွေနဲ့ပေါင်းပြီး Sun Microsystems ကို စတင်ထူထောင်ပြီး Solaris OS ကို ဦးဆောင်ရေးခဲ့တယ်၊
၎၊ Sun မှာ Chief Technology Officer အဖြစ် အနှစ် ၂၀ ကျော် အလုပ်လုပ်ခဲ့ပြီး Sun ရဲ့ များပြားလှတဲ့ တည်ထွင်မှုတွေကို ခေါင်းဆောင်ခဲ့တယ်၊
၅၊ Java Programming Language ကို စတင်တီတွင်ခဲ့သူ ၃ ဦးထဲက တစ်ယောက်ဖြစ်ပါတယ်။

Post a Comment