နိုဝင်ဘာ ၁၃ ရက် ၊ ၂၀၀၈ (ကြာသာပတေးနေ့) - ၊ ဂရန်းကင်ညွန်
မနက် ၇ နာရီ ၅ မိနစ်မှာ နေထွက်မယ်ဆိုတာကြောင့် ၊ မှောင်မှောင်မဲမဲ ၆ နာရီခွဲလောက်မှာ ဟိုတယ်ကနေ မနက်စာ ခတ်သုတ်သုတ်စားပြီးထွက်ခဲ့ကြတယ်။ Mather Point ကိုရောက်တော့ ကားရပ်တဲ့နေရာမှာ တစ်ဝက်ကျော်လောက်ပြည့်နေပြီး လူ ရာဂဏန်းလောက်ရောက်နေကြပြီ။ ကိုယ့်ထက်ဝိရိယကောင်းတဲ့လူဆိုတာ နေရာတကာမှာ ရှိတာပါဘဲ။
Grand Canyon က ကမ္ဘာမှာ သဘာဝအတိုင်းရှိတဲ့ အံမခန်းဖွယ် ခုနှစ်ခု ထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
ဒီချောက်ကြီးဟာ
၁၊ အရှည် ၂၂၇ မိုင်
၂၊ အကျယ် ၄ မိုင်ကနေ ၁၈ မိုင်
၃၊ အနက် ပေ ၆၀၀၀ (၁ မိုင်ကျော်)
၎၊ သက်တန်း နှစ် ၆ သန်းကျော် (သိပ္ပံပညာရှင်များရဲ့ ခန့်မှန်းချက်) - ရှိပါတယ်။
အရီဇိုးနားပြည်နယ် (သမ္မတရွေးကောက်ပွဲမှာ ရှုံးသွားခဲ့တဲ့ အမတ်မင်း ဂျွန်မက်ကိန်းရဲ့ပြည်နယ်) မှာရှိပြီး၊ တောင်ဖက်ကမ်းပါး (south rim) ကို ကျွန်တော်တို့သွားခဲ့တာဖြစ်ပါတယ်။ မြောက်ဖက်ကမ်းပါးကိုလည်းသွားလို့ရပေမယ့် ဆီးနှင်းကျပြီး လမ်းတွေမှာ အန္တရာယ်ရှိတာကြောင့် အောက်တိုဘာလနောက်ပိုင်းဆိုရင် ပေးမသွားတော့ပါဘူး။
ရောင်နီသန်းတဲ့အချိန်ကစလို့ နေပြူတစ်တစ်လုပ်ပြီးခဏ နေလုံးအပြည့်ချောက်ကမ်းပါးပေါ်မှာမေးတင်တဲ့အချိန်အထိ ပြောင်းလဲသွားတဲ့ အရိပ်နဲ့ အရောင်တွေကို စာနဲ့ရေး၊ ဓါတ်ပုံနဲ့ပြလို့လည်း ပြည့်စုံနိုင်မယ်မဟုတ်ပါ။ ဒါပေမယ့်လည်း ကမ္ဘာအနှံက လူမျိုးပေါင်းစုံ ကင်မရာမျိုးစုံနဲ့ တဖြောင်းဖြောင်းဓါတ်ပုံရိုက်ကြတာပါဘဲ။ ကျွန်တော်အပါအ၀င်ပေါ့။ တစ်ယောက်ကတော့ ဟိုအရင်ခေတ်ကလို အလင်းပြားအကြီးကြီးတွေကိုသုံး၊ မှန်နောက်မှာ အ၀တ်ခေါင်းစွတ်ပြီး ရိုက်ရတဲ့ကင်မရာနဲ့ ဓါတ်ပုံရိုက်နေတာ တော်တော်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ ကင်မရာအပြင် အလင်းပြားတွေ ပါလာတာ မနည်းပါဘူး။
ဗမာလိုဆိုရင် ပုဇွန်ဆီရောင်လို့ဆိုရမလားဘဲ။ အင်္ဂလိပ်လိုတော့ Crimson လို့ခေါ်ကြပါတယ်။ ကွန်ပျူတာအတွက်တော့ #DC143C ပေါ့။ Grand Canyon ကိုမနက်မိုးလင်းခါစမှာ မြင်ရတဲ့အရောင်ကိုပြောတာပါ။ အနီတောက်တောက်မှာ၊ အပြာနည်းနည်းနဲ့ ခရမ်းရောင်ရောရော ဖြစ်ပါတယ်။ နေထွက်စအချိန်ဆို ဒီအရောင်တွေရဲ့ အချိုးအစားက မိနစ်တိုင်းလိုလို နည်းနည်းဆီ ပြောင်းသွားပါတယ်။
နေလုံးလုံးလည်းထွက်ရောက် ကျွန်တော်တို့ ဟိုတယ်ကိုပြန်၊ မနက်စာ နောက်တစ်ခေါက်အ၀စား၊ နာရီဝက်လောက် ခဏပြန်လှဲ၊ ရေချိုးပြီး ဟိုတယ်က အပြီးထွက်ခါ Grand Canyon ကို နောက်တစ်ခေါက်ပြန်ချီတက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့အစီအစဉ်ကတော့ ချောက်မှာ အ၀လမ်းရှောက်ကြဖို့ပေါ့။
Grand Canyon ထဲကိုဝင်ဖို့ ကားတစ်စီးကို ၂၅ ဒေါ်လာပေးရပါတယ်။ လူဘယ်လောက်ပါပါ ဒီဈေးပါဘဲ။ လူတွေအများကြီးပါတဲ့ ဘတ်စကားဆိုရင်တော့ ဈေးပိုများပါတယ်။ ၂၅ ဒေါ်လာပေးရင် ခုနှစ်ရက်အတွင်း ကြိုက်သလောက် ၀င်လို့ ထွက်လို့ရပါတယ်။ ကြာကြာနေတဲ့သူတွေအတွက် ပိုတန်တာပေါ့။ ဂိတ်ကနေ၀င်ပြီး ပထမဦးဆုံးကားရပ်လို့ရတဲ့နေရာက Mather Point ဖြစ်ပါတယ်။ အဲဒီကနေ Visitor Center ကိုလမ်းရှောက်သွားလို့ရပါတယ်။ South Rim မှာ ကားရပ်လို့ရတဲ့နေရာ ၆ နေရာရှိပါတယ်။ တနေရာက တနေရာ ကူးဖို့အတွက် အကောင်းဆုံးကတော့ Bus ဖြစ်ပါတယ်။ ပိုက်ဆံပေးဖို့မလိုပါဘူး။ ၁၀ မိနစ်တစ်ခါလောက် ရောက်လာလေ့ရှိပါတယ်။ နေရာတော်တော်များများက ကိုယ်ပိုင်ကားနဲ့သွားလို့ မရပါဘူး။ အထူးသဖြင့် ချောက်ထဲကိုလမ်းရှောက်ဆင်းတဲ့ လမ်းစနေရာတွေကို Bus နဲ့သာသွားလို့ရပါတယ်။
ပထမဦးဆုံးသွားတဲ့နေရာကတော့ South Rim ရဲ့ အရှေ.ဘက်မှာရှိတဲ့ South Kaibab Trail ဖြစ်ပါတယ်။ ရေမျက်နှာပြင် အထက် ပေ ၇၂၀၀ ကျော်မြင့်တဲ့နေရကစလို့ ကော်လိုရာဒိုမြစ်အထိ ၇ မိုင်ကျော်လျောက်လို့ရတဲ့ တောင်ဆင်း တောင်တက်လမ်းဖြစ်ပါတယ်။ လမ်းက ၅ ပေလောက်ကျယ်ပြီး တစ်ဖက်မှာ ချောက်နက်၊ တစ်ဖက်မှာ ကျောက်နံရံရှိပါတယ်။ အသွားလမ်းနဲ့ အပြန်လမ်းက တစ်ခုထဲဖြစ်ပြီး လမ်းမှာ စားစရာ သောက်စရာဆိုင်မရှိပါဘူး။ "တစ်ရက်ထဲနဲ့ အသွားအပြန်လမ်းရှောက်ဖို့ မကြိုးစားပါနဲ့၊ ပင်ပန်းပြီးသေတဲ့သူတွေရှိခဲ့ဘူးတယ်" ဆိုတဲ့ သတိပေးဆိုင်းဘုတ်ကိုတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ချောက်ထဲကို မိုင်ဝက် နီးနီးလောက် ဆင်းကြည့်ခဲ့ပါတယ်။ အဆင်းလမ်းကရှောကျမှာစိုးရိမ်ရပြီး၊ ပြန်အတက်လမ်းကတော့ ပင်ပန်းစရာကောင်းပါတယ်။ ၈ နှစ်၊ ၉နှစ်အရွယ် ကလေးနှစ်ရောက်နဲ့ မိသားစုတွေ အောက်ကိုဆင်းသွားတာတွေ့ခဲ့ပါတယ်။ ချောက်ရဲ့အောက်ထဲအထိ ဆင်းပြီး တစ်ညအိပ် စခန်းချနေရရင် တော်တော်ပျော်စရာကောင်းမယ်ထင်ပါတယ်။
အပေါ်ပြန်ရောက်ပြီးတော့ Rim Trail လမ်းကိုဖြတ်လို့ Park Head Quarter ဖက်ကိုပြန်လမ်းလျောက်ခဲ့ကြပါတယ်။ Rim Trail ကတော့ South Rim ရဲ့ဘေးမှာဖေါက်ထားတဲ့ လမ်းဖြစ်ပြီး အတက်အဆင်းမရှိပါဘူး။ နိုဝင်ဘာလလည်ဆိုတော့ လူသွားလူလာလည်း မရှိသလောက်နည်းပါတယ်။ လမ်းနည်းနည်းလျောက်လိုက်၊ ပတ်ဝန်းကျင်ကိုငေးမောလိုက်၊ စားလိုက်သောက်လိုက်၊ ဓါတ်ပုံရိုက်လိုက်နဲ့ဘဲ ၅ မိုင်ကျော်လမ်းလျောက်ခဲ့ကြပါတယ်။ ငယ်ငယ်က ကျောင်းမှာဖတ်ခဲ့ရတဲ့ W.H Davies ရဲ့ကဗျာထဲကစာပိုဒ်တစ်ခုကို သတိရမိပါသေးတယ်။
What is this life if, full of care,
We have no time to stand and stare
ကားရပ်ထားခဲ့တဲ့ ဈေးကွက်နေရာကိုပြန်ရောက်ပြီး အဲဒီနားက အမှတ်တရပစ္စည်းအရောင်းဆိုင်ကို ခဏ၀င်ကြည့်ခဲ့ပြီး နေ့လည် ၁ နာရီကျော်လောက်မှာ Grand Canyon ကထွက်ခဲ့ကြပါတယ်။
- သမင်တစ်ကောင် ကားလမ်းဘေးမှာရပ်ပြီး အစာစားနေတာတွေခဲ့ပါတယ်။ လူတွေနဲ့ တော်တော်ယဉ်နေပုံပါဘဲ။
- ချောက်ထဲကိုကြပြီး သေတာ တနှစ်ကို ပျမ်းမျှချင်း လူ ၂ ယောက်ရှိတယ်လို့မှတ်သားရပါတယ်။ မတော်တဆဖြစ်တာများပြီး၊ သေကြောင်းကြံသူတွေလည်းရှိတယ်လို့ဆိုပါတယ်။
- ဂိတ်အ၀င်မရောက်ခင်မှာရှိတဲ့ IMAX Theatre က Grand Canyon ရုပ်ရှင်ကိုရောက်ရင် ၀င်ကြည့်ပါ။ နာရီဝက်ကျော်လောက်ကြာပြီး စိတ်ဝင်စားစရာကောင်းပါတယ်။
နောက်ကမြင်ရတဲ့တောင်ကို Buddha Temple လို့ခေါ်ပါတယ်
Post a Comment