Tuesday, June 10, 2008
အင်ဒီယာနာဂျုန်းစ် ရုပ်ရှင်ထဲက ...
Raiders of the Lost Ark ရုပ်ရှင်ကို ကျွန်တော် ဟိုတနေ.က ပြန်ကြည့်ရင်း ထူးခြာတဲ့ စကားတပိုဒ် ကြားလိုက်မိပါတယ်။
ဗီဒီယိုမှာ ကြည့်ပြီး ဂရုစိုက် နားထောင်ပါ။ စိတ်မရှေသူများ စက္ကန်. ၄၀ က စပြီး ကြည့်ပါ။
DVD ရဲ့ Chapter 8 အစနားက ဇာတ်ဝင်ခန်းပြီး၊ ဇာတ်လမ်းအလိုရ နီပေါ မှာ အရက်ပြိုင်သောက် ကြတဲ့အခန်းဖြစ်ပါတယ်။
ဒီအခန်း မတိုင်ခင်မှာ Indiana Jones ရဲ့ လေယာဉ်ပျံ ဗမာပြည်ပေါ်က ဖြတ်ပျံသွားပေမယ့်၊ ဗမာပြည်ရဲ့အမည်ကို မြေပုံပေါ်မှာ ဖေါ်ပြမထားပါဘူး။ ယိုးဒယား နဲ. အိန္ဒိယကိုတော့ မြေပုံပေါ်မှာ ဖေါ်ပြထားပါတယ်။
Monday, June 9, 2008
အမေရိက ခေတ်ပြိုင် သမိုင်း ဇာတ်လမ်း တစ်ပုဒ်
Newsweek ထဲက စိတ်ဝင်စားစရာ ဆောင်းပါးတစ်ခုကို ကြိုးစားပြီး ဘာသာပြန်ကြည့်လိုက်ပါတယ်။ မတော်တရော် ဘာသာပြန်ထားတာတွေ သည်းခံပါ။ ဆရာမြသန်းတင့် ဘယ်လောက် တော်တယ်ဆိုတာ ကိုယ်တိုင် ဘာသာပြန်ဖို.ကြိုးစားကြည့်တော့ ပိုပိုသိလာရပါတယ် .....
၁၉၆၀ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ကနေဒီ နဲ. နစ်ဆင် တို. ပြိုင်ခဲ့ပါတယ်။ သမ္မတရွေးကောက်ပွဲက နိုဝင်ဘာလမှာ ကျင်းပတာဖြစ်ပါတယ်။ သမ္မတ ရွေးကောက်ပွဲမတိုင်မီမှာ အရင်ဆုံး ပါတီတွင်း ရွေးကောက်ပွဲ လုပ်ရပြီး၊ ကနေဒီ ကို ဒီမိုကရက်ပါတီက ကိုယ်စားပြုဖို. ၁၉၆၀ ဇူလိုင်လမှာ ရွေးချယ်ခဲ့ပါတယ်။ သမ္မတကနေဒီ မဖြစ်သေးခင်၊ ဆီနိတ်တာ ကနေဒီ ဘ၀ မှာဘဲရှိသေးတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ လက်ရှိသမ္မက အိုင်ဆင်ဟောင်ဝါ ဖြစ်ပြီး နစ်ဆင်က ဒုတိယ သမ္မတ ဖြစ်ပါတယ်။
ကနေဒီ ပါတီတွင်းရွေးကောက်ပွဲနိုင်ပြီး နှစ်ပတ်အကြာလောက်မှာ၊ သူ.ရဲ့ မန်ဆာချုးဆက်မှာရှိတဲ့ အပန်းဖြေအိမ်ကို ကင်ညာနိုင်ငံက ပညာရေးကိုယ်စားလှယ် တွမ်အမ်ဘိုယာ အလည်ရောက်လာပါတယ်။ တွမ်အမ်ဘိုယာ အလည်လာတဲ့ အဓိကအကြောင်းကတော့ - အမေရိကန်အစိုးရအကူအညီနဲ. နိုင်ငံတကာက ကျောင်းသားတွေကို နှစ်တိုင်း ပညာတော်သင်ခေါ် လေ့ရှိပါတယ်။ အဲဒီနှစ်မှာ ကင်ညာနိုင်ငံက ကျောင်းသား ၂၀၀ အမေရိကန်-အာဖရိကန် ကျောင်းသား ဖေါင်ဒေးရှင်းက တဆင့် စကောလားရှစ်ရပြီး အမေရိက တက္ကသိုလ်တွေမှာ ပညာတော်သင် အခေါ်ခံရပါတယ်။ ကျောင်းသား ၂၀၀ ကို ကင်ညာကနေ အမေရိကကိုလာဖို. လေယာဉ်စရိတ် ဒေါ်လာ ၁ သိန်းလိုနေပါတယ်။ ဒုသမ္မတ နစ်ဆင်ကလဲ နိုဝင်ဘာမှာ မဲလိုချင်လို. မျက်နှာရအောင်ကျိုးစားပေမယ့်၊ အိုင်ဆင်ဟောင်ဝါရဲ. နိုင်ငံခြားရေး ၀န်ကြီးဌာနက “the African Airlift” အတွက် ပိုက်ဆံ မပေးနိုင်ဘူးလို. ငြင်းလိုက်ပါတယ်။ ဒါကြောင့် တွမ်အမ်ဘိုယာ ကနေဒီ ဆီကို အကူအညီတောင်းဖို. ရောက်လာတာပါ။
(ကနေဒီ မိသားစုဆိုတာ မျိုးရိုးဆက်ပြီး အရမ်းချမ်းသာတဲ့သူတွေဖြစ်တယ် ဆိုတာပြောဖို.လိုပါလိမ့်မယ်။ ကနေဒီ မိသားစုပို ကနေဒီဖေါင်ဒေးရှင်း ဆိုတာရှိပြီး နှစ်တိုင်း ဒေါ်လာသန်းနဲ. ချီပြီးလှူလေ့ရှိပါတယ်။ ကနေဒီမိသားစုဟာ ၁၉၂၀ ခုနှစ်များက တရားမ၀င် အရက်ခိုးသွင်းပြီး ချမ်းသာခဲ့တာပါ၊ ….. ရေးရင် တောင်ရောက်မြောက်ရောက်ဖြစ်သွားပြန်ပြီ။)
ဆီနိတ်တာ ကနေဒီက မိသားစုပိုင် ကနေဒီဖေါင်ဒေးရှင်းက ပိုက်ဆံနဲ. ကူညီဖို. သဘောတူလိုက်ပါတယ်။ နစ်ဆင်က အဲဒီသတင်းလဲကြားရော နိုင်ငံခြားရေးဝန်ကြီးရုံးကိုဆက်သွယ်၊ အစိုးရက လေယာဉ်စရိတ်မပေးမဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းဖို.စီစဉ်ပြီး အာဖရိကန်-အမေရိကန် ဖေါင်ဒေးရှင်းကို ပိုက်ဆံပေးမယ်လို. ကမ်းလှမ်းလိုက်ပါတယ်။ နာမယ်ကြီး အမေရိကန် လူမဲ ဘေ့စ်ဘော ကစားသမား ဂျက်ကီရော်ဘင်ဆင် က သတင်းစာမှာ နစ်ဆင်ကို ချီးမွမ်းတဲ့ သတင်းဆောင်းပါး ရေးဖို.လည်းစီစဉ်ပါတယ်။ ဒါ့ထက်မက နစ်ဆင်ရဲ. သမ္မတရေးကောက်ပွဲ ကော်မတီမှာပါတဲ့ ဆီနိတ်တာ ဟူး စကော့ နဲ. အဖွဲ. (သူတို.ကိုယ်ကို “အမှန်တရား အဖွဲ.လို.ခေါ်ပါတယ်၊) က ကနေဒီ ကိုအပုတ်ချတဲ့ သတင်းတွေဖြန်.ပါတယ်။
“ကနေဒီက အမေရီကန်အစိုးရရဲ. စီမန်ကိန်းကို နှိုက်ယူသွားတယ်….”
“ကနေဒီက အခွန်လွတ်သုံးခွင့်ရှိတဲ့ ဖေါင်ဒေးရှင်က ပိုက်ဆံတွေကို နိုင်ငံရေး အတွက် အလွဲသုံးစားလုပ်တယ် ….”
စသဖြင့် တိုက်ခိုက်ပါတယ်။
ကနေဒီက “နိုင်ငံရေးလုပ်ခဲ့တဲ့ ၁၄ နှစ်အတွင်း ကြားဖူးတဲ့အထဲမှာ မတရားဆုံး၊ လိုရာအဆွဲထားဆုံး၊ အဆိုးဝါးဆုံး တိုက်ခိုက်တာဖြစ်တယ်” လို.ပြောခဲ့ပါတယ်။
ကင်ညာက ကနေဒီဆီက ပိုက်ဆံကိုလက်ခံလိုက်ပြီး၊ ကျောင်းသားတွေ အမေရိကို ရောက်လာခဲ့ပါတယ်။ ဂျက်ကီရော်ဘင်ဆင် ကလည်း သူမှားတဲ့အကြောင်း သတင်းစာမှာ ပြန်လည် ရှင်းလင်း ရေးသားခဲ့ပါတယ်။ နိုဝင်ဘာမှာ နစ်ဆင်ရှုံးပြီး ကနေဒီ သမ္မတဖြစ်လာခဲ့ပါတယ်။
ကင်ညာကရောက်လာတဲ့ လူမဲကျောင်းသားတွေထဲက တစ်ယောက်က ဟာဝါရီ တက္ကသိုလ်မှာ တက်ရောက်ခဲ့ပါတယ်။ ဟာဝါရီမှာ နေရင်း ကန်းဆပ်ပြည်နယ်မှာ မွေးတဲ့ အမေရိကန် လူဖြူ အမျိုးသမီးတစ်ယောက်နဲ. အိမ်ထောင်ကျခဲ့ပါတယ်။ သူတို.ကမွေးတဲ့ တစ်ဦးတည်းသော သားဟာ ၂၀၀၅ ခုနှစ်မှာ အီလင်နွိုင် ပြည်နယ်ကို ကိုယ်စားပြုပြီး အမေရိကန်အစိုးရ ဆီနိတ်တာဖြစ်လာခဲ့ပါတယ်။ ဆီနိတ်တာကတော့ ဘာရက် အိုဘားမားဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်မှာ အိုဘားမား လွတ်တော်မှာ ထိုင်ဖို သတ်မှတ်ပေးလိုက်တဲ့စားပွဲဟာ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ကနေဒီသုံးခဲ့တဲ့ စားပွဲ ဖြစ်နေပါတယ်။ စားပွဲရဲ. အဖုံးအတွင်းမှာ ကနေဒီက သူ.နာမည်ကို ထွင်းရေးထာပါတယ်။ (ကျွန်တော်တို. ငယ်ငယ်က ကျောင်းက စားပွဲမှာ ခဲတံချွန်တဲ့ ဓါးနဲ.ထွင်းသလို ထင်ပါ့။)။ အဲဒီအချိန်က အိုဘားမားက သူ.အဖေ အမေရိကကို ပညာတော်သင် ဘယ်လိုရောက်လာသလဲဆိုတာ သိတာသိပ်မကြာသေးပါဘူး။
A "young senator from Massachusetts" made an effort, Obama told the crowd at American University. "And because he did, I stand before you today."
စာညွန်း -
http://www.newsweek.com/id/106240/output/print
Tuesday, June 3, 2008
IOS Simulation (အပိုင်း ၂)
GNS3 က Dynamips ကို သုံးရ လွယ်အောင် GUI front end လုပ်ပေးထားတာဖြစ်ပါတယ်။
GNS3 က အင်မတန် လွယ်တာကြောင့် ဘာမှ ရှင်းပြစရာ မလိုသလောက်ပါဘဲ။
ဒီမှာ download လုပ်ပြီး Install လုပ်ပါ။
Video Tutorial ကို blindhog.net မှာ ကြည့်နိုင်ပါတယ်။
YouTube မှာလည်း GNS3 နဲ.ဆိုင်တဲ့ Video ၅ ခု လောက်ရှိပါတယ်။
အရေးကြီးတဲ့ အချက် တချို.ကို အပိုင်း (၁) ကနေ ပြန်ကူးပြီး ရေးလိုက်ပါမယ်။
Cisco IOS လိုအပ်ပါတယ်။ IOS ကို http://www.cisco.com မှာ download လုပ်နိုင်ပါတယ်။
Cisco ကနေ Service Contract ၀ယ်ထားသူရဲ. Login ID လိုအပ်ပါတယ်။ Login မရှိလျင် သူငယ်ချင်း၊ မိတ်ဆွေတွေကို စုံစမ်းကြည့်ပါ။
Dynamips ကိုစသုံးလို.ရပြီး မကြာခင်မှာ ကွန်ပျူတာရဲ. CPU ဟာ ၁၀၀% ကိုရောက်သွား ပြန်ဆင်းမလာ တာကို သတိပြုမိ ကြပါလိမ့်မယ်။ အဲဒီအခါမှာ keyboard က စာလုံး တစ်လုံးရိုက်တိုင်း ၂ စက္ကန်.၊ ၃ စက္ကန်. စောင့်ရတာမျိုး၊ mouse ရွေ.လို.မရတာမျိုးတွေ ကြုံရပါမယ်။ ပြသနာ အကြောင်းရင်းကတော့ IOS က အလုပ်မလုပ်တဲ့ အချိန်ကို simulator က မသိတဲ့အတွက်ကြောင့် ကွန်ပျူတာရဲ့ CPU ကို အမြဲတမ်း ယူသုံးနေလို. ဖြစ်ပါတယ်။ ဘယ်လိုလုပ်ရတယ်ဆိုတာ တဆင့်ချင်းရှင်းပြထားတာ ဒီမှာ ဖတ်ကြည့်ပါ။
ဖြေရှင်းတာကတော့ idle-pc ရဲ့တန်ဖိုးကို အမျိုးမျိုးပြောင်းကြည့်ပါ။ trial and error နည်းလမ်းဖြစ်လို. ပင်ပန်းပြီး အချိန်ကုန်ပါတယ်။
ကျွန်တော် အတွေ.အကြုံအရ အမြန်ဆုံး ၃ ခါ၊ အကြာဆုံး ၂၂ ခါ - idle-pc မျိုးစုံစမ်းကြည့်ပြီး အဆင်ပြေသွားပါတယ်။ Router 12 ကို Pentium 4 2.8Hz, 2GB ကွန်ပျူတာမှာ စမ်းကြည့်တာ CPU ၂၀% ထက် ပိုမများပါဘူး။
Subscribe to:
Posts (Atom)
