Friday, August 22, 2008

နေဂယ် ရဲ့ Algorithm


ဂျွန်နေဂယ်က ၁၉၈၄ ခုနှစ် မှာရေးခဲ့တဲ့ Algorithm ဖြစ်ပြီး၊ RFC-896 မှာ အသးစိတ်ဖတ်ကြည့်နိုင်ပါတယ်။ TCP/IP Network တစ်ခုမှာ packet သေးသေးလေးတွေ သွားနေတာကို သဘောမကျလို့ ရေးခဲ့တာပါ။ TCP Packet တစ်ခုမှာ ပို့ချင်တဲ့ Data ဘယ်လောက်ရှိရှိ ခေါင်းစီးအချက်အလက် (Header) က ၄၀ Bytes နေရာယူပါတယ်။ Telnet လို Program မျိုးမှာ Data က ၁ byte သာပါပြီး၊ ခေါင်းစီးက ၄၀ bytes နေရာယူထားပါတယ်။ ဈေးထဲက မကျီးသီး ၅ ကျပ်သားဝယ်တာ သတင်းစာ တစ်စောင်လုံးနဲ့ ထုပ်ပေးလိုက်သလိုဖြစ်တာပေါ့။ ဒီ TCP Packet တွေ Network ပေါ်မှာသွားတော့ ဆင်ဖိုးထက်၊ ချွန်းဖိုးကြီးဆိုသလို Header အချက်အလက်တွေက Data ထက် အဆ ၄၀ ပိုယူသလိုဖြစ်တာကြောင့် Bandwidth အလဟသ ဖြစ်ရပါတယ်။ ၁၉၈၄ ခုနှစ်ကဆို Bandwidth က နည်းကလည်းနည်း ဈေးကလည်းကြီးဆိုတော့ ဒီပြသနာကို ဖြေရှင်းဖို့ဆိုတာ တော်တော်အရေးကြီးတယ်လို့ဆိုရပါမယ်။ (ဒီပြသနာကို Tinygram Problem လို့ခေါ်ပါတယ်။)

နေဂယ် ရဲ့ Algorithm အလုပ်လုပ်ပုံကတော့ ပို့စရာရှိတဲ့ အချက်အလက်တွေကို ချက်ချင်းမပို့သေးဘဲစောင့်နေပြီး - အတော်အသင့် များလာပြီဆိုမှ packet ကိုပို့ပေးမယ်ဆိုပြီး ပြင်လိုက်တာဖြစ်ပါတယ်။ မင်္ဂလာဒုံကိုပြေးတဲ့ ၅၁ ကား ဆူးလေမှတ်တိုင်မှာ လူစောင့်သလိုပေါ့။ ရုံးဆင်းချိန်ဆိုရင် လူပြည့်ဖို့သိပ်ကြာကြာမစောင့်ရဘဲ ချက်ချင်းထွက်နိုင်တယ်၊ ညဥ့်နက်လာရင်တော့ ကားတစီးပြည့်ဖို့ တော်တော် စောင့်ရပါတယ်။ (အခု ၅၁ ကားဆက်ပြေးသေးလားဆိုတာတော့ မပြောတပ်ဖူး။) ကားတစီးမှာ လူဘယ်လောက်ဆန့်တယ်ဆိုတာ အကန့်အသတ်ရှိသလို Packet တစ်ခုမှာ အချက်အလက် ဘယ်လောက်ရှိတယ်ဆိုတာကို MSS (Maximum Segment Size) နဲ့သတ်မှတ်ထားပါတယ်။ MSS ကတော့ Network Card ရဲ့ MTU (Maximum Transfer Unit) ဖြစ်ပြီး Ethernet မှာဆိုရင်တော့ ၁၅၀၀ bytes ရှိပါတယ်။

TCP ပို့ဆောင်ရေးစနစ်ဆိုတာ ယုံကြည်စိတ်ချရတဲ့စနစ်ဖြစ်ပါတယ်။ ကွန်ပျူတာနှစ်လုံး TCP ကိုအသုံးပြုပြီး ဆက်သွယ်တယ်ဆိုရင် လမ်းမှာ အချက်အလက် အပြောက်အရှ မရှိရအောင် TCP ကတာဝန်ယူပါတယ်။ TCP ကိုသုံးပြီး ဆက်သွယ်နေတဲ့ကွန်ပျူတာ ၂ ခုကို Host1 နဲ့ Host2 လို့ခေါ်မယ်ဆိုပါစို့။ လက်ခံရရှိတဲ့ကွန်ပျူတာ (Host2) က Packet တစ်ခုရတိုင်း အသိအမှတ်ပြုတဲ့အကြောင်း Packet တစ်ခုကို ပြန်ပြီး မူလကွန်ပျူတာ (Host1) ဆီကိုပို့ပေးရပါတယ်။ အသိအမှတ်ပြုတဲ့ packet ကို acknowledgment packet (အတိုကောက် ack) လို့ခေါ်ပါတယ်။ Host1 က packet တစ်ခုပို့ပြီးတိုင်း Host2 ဆီက ack ကိုစောင့်ပါတယ်။ Ack မရသေးရင် Host1 က နောက်ထပ်ပို့စရာရှိတဲ့ အချက်အလက်တွေကို ဆက်မပို့ဘဲ စောင့်နေပါတယ်။ Ack မရတာ တော်တော်ကြာသွားရင် Host1 က ပထမပို့လိုက်တဲ့ packet လမ်းမှာ ပျောက်သွားပြီလို့ ယူဆပြီး အဲဒီ packet ကို ထပ်ပို့ပေးပါတယ်။ ဒါကို Retransmission လို့ခေါ်ပါတယ်။


Packet တစ်ခုပို့တိုင်း ack တစ်ခုရဖို့စောင့်ရတယ်ဆိုတာ (one to one acknowledgment လို့ခေါ်ပါတယ်) လက်တွေ့မှာ အရမ်းနှေးပြီး၊ ack တွေအရမ်းများလို့ bandwidth အလဟသ ဖြစ်ရပါတယ်။ ဒီကနေ့အသုံးပြုတဲ့ TCP ရဲ့ acknowledgment စံနစ်မှာတော့ one-to-one ထက်ပိုကောင်းတဲ့ sliding window စံနစ်ကိုသုံးပါတယ်။ Host1, Host2 ဥပမာနဲ့ ပြန်ပြောပါမယ်။ Host1 နဲ့ Host2 ကြားမှာ အသိအမှတ်မပြုသေးခင်မှာ အချက်အလက် ဘယ်လောက်များများပို့နိုင်တယ်ဆိုတာကို window size လို့ခေါ်ပါတယ်။ Window size က ကွန်ပျူတာ ဘယ်လောက်အလုပ်ရှုပ်တယ်ဆိုတာပေါ်မှာ မူတည်းပြီး အနည်းအများ ပြောင်းလဲတပ်တာကြောင့် dynamic window size လို့ခေါ်ပါတယ်။ Host1 နဲ့ Host2 အချက်အလက်တွေ မပို့ပေးခင်မှာ window size ဘယ်လောက်ရှိတဲ့အကြောင်း အချင်းချင်း သတင်းဖလှယ်ရပါတယ်။ Host2 က Host1 ကို "ငါ့ရဲ့ window size ကတော့ ၄၅၀၀" လို့ပြောတယ်ဆိုပါစို့။ (၄၅၀၀ ကို Host2 ရဲ့ ကြေငြာတဲ့ window size - advertising window size လို့ခေါ်ပါတယ်။)
Host1 က Host2 ရဲ့ window size ၄၅၀၀ ဖြစ်ကြောင်းကိုသိပြီးတဲ့အတွက်ကြောင့် -
၁၊ Host1 က Host2 ကို တချိန်ထဲမှာ data ၄၅၀၀ bytes ပို့ပေးလို့ရတယ်။
၂၊ ၄၅၀၀ bytes ထက်ပိုတဲ့ အချက်အလက်ကတော့ Host2 ဆီက ack ရပြီးတော့မှ ဆက်ပို့ပေးလို့ရမယ်။
၃၊ Host2 က ၄၅၀၀ bytes လုံး လက်ခံရပြီးမှ ack တစ်ခါဘဲ ပြန်ပို့ပေးလို့ရတယ်။


နေဂယ် ရဲ့ Algorithm အလုပ်လုပ်ပုံကို အကြမ်းပြောရရင် -

၁၊ ပို့စရာရှိတဲ့ အချက်အလက်တွေ တော်တော်များများရှိလို့ (MSS ထက်များရင်) Packet ကိုချက်ချင်းပို့ပေးပါ။ (လူပြည့်လို့ ကားထွက်သွားတာပေါ့။)
၂၊ ပို့စရာရှိတဲ့ အချက်အလက်တွေ သိပ်မများပေမယ့် (MSS ထက်နည်းနေသေးတယ်) acknowledgment packet ရရင် Packet ကိုချက်ချင်းပို့ပေးပါ။
၃၊ ပို့စရာရှိတဲ့ အချက်အလက်တွေ သိပ်မများတဲ့အပြင် (MSS ထက်နည်းနေသေးတယ်) acknowledgment packet လည်းမရသေးရင် packet ကိုမပို့သေးဘဲစောင့်နေပါ။

Operating System အားလုံးလိုလိုက နေဂယ် ရဲ့ Algorithm ကို by default အရ enable လုပ်ထားပါတယ်။ ကိုယ်တိုင်ရေးတဲ့ Program တွေမှာ နေဂယ် ရဲ့ Algorithm ကို disable လုပ်ချင်ရင် TCP_NO_DELAY ဆိုတဲ့ flag ကိုသုံးလို့ရပါတယ်။ C မှာဆိုရင် setsockopt() function ရဲ့ flag တစ်ခုဖြစ်ပါတယ်။

နေဂယ် ရဲ့ Algorithm ကြောင့် ကောင်းတာရှိသလို ဆိုးတာလဲရှိပါတယ်။ ဆိုးတာတွေထဲက ၂ ခုကိုပြောရရင် -
၁၊ အချိန်ပေါ်မှာမူတည်တဲ့ အချက်အလက်တွေကို ပို့ပေးဖို့အတွက် နေဂယ် ရဲ့ Algorithm ကို မသုံးသင့်ပါ။ ဥပမာ Stock price လိုမျိုး စက္ကန့်အစိတ်အပိုင်းအတွင်းမှာ ပြောင်းနေတဲ့ အချက်အလက်တွေဟာ နေဂယ် ရဲ့ Algorithm က နှောင့်နှေးစေပါတယ်။
၂၊ နေဂယ် ရဲ့ Algorithm နဲ့ TCP ရဲ့ အခြား feature တစ်ခုဖြစ်တဲ့ delayed acknowledgment တို့ဟာ လုံးလုံး မတဲ့တဲ့ အတွက်ကြောင့် မကြာခဏ ပြသနာတွက်တာ ကြုံတွေ့ရပါတယ်။ ဒီအကြောင်းကို နောက်ခေါင်းစဉ်တစ်ခုနဲ့ ထပ်ရေးသွားပါမယ်။

Post a Comment