Friday, September 5, 2008
2008 US Open Diary - Sept 5
ဖြစ်ချင်တဲ့အတိုင်းပါဘဲ - မနက်ဖြန်စနေနေ့ (စက်တင်ဘာ ၆ ရက်) မှာကစားမဲ့ Semifinal နှစ်ပွဲကတော့
၁၊ Rafael Nadal (စပိန်) vs. Andy Murray (စကော့တလန်)
၂၊ Roger Federer (ဆွစ်ဇာလန်) vs. Novak Djokovic (ဆားဗီးယား)
ပိုက်ဆံနဲ့ကြိုလောင်းထားလိုက်ရင် အတော်အဆင်ပြေမှာ။
မြောက်ကာရိုလိုင်းနား အနီးမှာ ၀င်မဲ့ ဟာနာ ဟာရီကိန်းမုန်တိုင်းရဲ့အဖျားကြောင့် နယူးယောက်မှာ တနေကုန်မိုးရွာနိုင်တယ်လို့ မိုးလေ၀သက ခန့်မှန်းထားပါတယ်။ မိုးဖျက်ခဲ့ရင်တော့ ဆီမီးဖိုင်နယ်ပွဲတွေကို တနင်္ဂနွေနေ့မှာကစားပြီး၊ ဖိုင်နယ်ကိုတော့ တနင်္လာနေ့ ညနေ ၅ နာရီ (ရန်ကုန်အချိန် မနက် ၃ နာရီခွဲလောက် ဖြစ်မလားဘဲ) မှာ ကစားပါမယ်။
ကျွန်တော်နိုင်စေချင်တာကတော့ Roger Federer ဖြစ်ပေမယ့် ဒီနှစ်အစကထဲက သူရဲ့လက်ကပုံမှန်မဟုတ်ဘဲ အရေးအကြောင်းဆို တလွဲလုပ်လုပ်နေတာကြောင့် နည်းနည်းစိုးရိမ်စရာပါ။ Federer ကိုယ့်ကိုယ်ကို ယုံကြည်စိတ် ကျနေတယ်လို့ အများကထင်ကြပါတယ်။ ၂၀၀၈ ခုနှစ်မှာ Grand Slam ပွဲကြီးတစ်ပွဲမှာ မနိုင်သေးတဲ့အပြင် မထင်ရင်မထင်သလို ခပ်ညံ့ညံ့ ကစားသမားတွေကို ရှုံးသွားတတ်ပါသေးတယ်။
ကျွန်တော် Federer ကိုအကြိုက်ဆုံးဖြစ်တဲ့ အဓိကအကြောင်းရင်းကတော့ သူ့ရဲ့ကစားတဲ့ နည်းစနစ်ကြောင့်ဖြစ်ပါတယ်။ Federer ကို အသဲအသန်ဘောလုံးနောက်ကိုပြေးလိုက်နေရတာမျိုး၊ ပုံပျက်ပန်းပျက်နဲ့ ရိုက်လိုက်ရတာမျိုး တွေ့ရခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရဲ့ပြိုင်ဖက်ဘာလုပ်မယ်ဆိုတာကို ၁ ကွက်ကြိုပြီးစဉ်းစားထားနိုင်လို့ဖြစ်ပါတယ်။ အမေရိကန် ချံပီယန်ဟောင်း Peter Samparas စကားကိုယူသုံးရရင် - "Others grind, but Roger glides."
တင်းနစ်ကစားတဲ့နည်းစံနစ်မျိုးစုံရှိပေမယ့် အကြမ်းဖြင်း ၄ မျိုးခွဲလို့ရပါတယ်။
၁။ တိုက်စစ် အားကိုးသူ (Attacker) -
အရင်ခေတ်က Boris Becker, Stefan Edberg, Pete Sampras တို့လို Serve ပြီးတာနဲ့ ပိုက်ဆီကိုပြေးပြီး volley ကစားတာမျိုးကတော့ စံပြုတိုက်စစ်အားကိုးသူတွေပေါ့။ အခုခေတ်မှာ ဒီလို serve-and-volley ကစားတဲ့သူ မရှိသလောက် နည်းသွားပါပြီ။ များသောအားဖြင့် ကွင်းရဲ့ နောက်စည်းကနေ တချိန်လုံးပြန်ရိုက်နေကြတာများပါတယ်။ ကနေ့ခေတ်မှာတော့ James, Blake, Andy Roddick, Jo-Wifried Tsonga တို့ဟာ တိုက်စစ်အားကိုးသူတွေပေါ့။ Serve အပြီးမှာ ပိုက်ဆီကိုပြေးမတက်ပေမယ့် ဘောလုံးကို အရမ်းရိုက်ပြီး အမှတ်ရအောင်ယူဖို့ကြိုးစားတဲ့သူမျိုးတွေပေါ့။ သူတို့ကိုတော့ aggressive baseliner (နောက်စီးမှာနေပြီး အပြင်းရိုက်သူများ) လို့ခေါ်ပါတယ်။ တင်းနစ်ကစားသမားတစ်ယောက် ကွင်းရဲ့နောက်စီးနဲ့ ဘယ်လောက်ကပ်ပြီးကစားတယ်ဆိုတာကို ကြည့်ပြီးပြောလို့ရပါတယ်။ ကနေ့ခေတ် တင်းနစ်ကစားသမား အများစုက ဒီလိုဘဲကစားကြပါတယ်။
၂။ ခံစစ် အားကိုးသူ (Defensive Player) -
အရင်ခေတ်က Bjorn Borg, Michael Chang တို့လို၊ ဒီနေ့ခေတ်မှာ Lleyton Hewitt, Giles Muller, Gael Monfils တို့လိုမျိုးပေါ့။ ဘောလုံးကို အမြဲတန်းကွင်းထဲပြန် ရောက်အောင် ပြန်ပို့ပြီး သူများအမှားကိုစောင့်တဲ့ကစားနည်းဖြစ်ပါတယ်။ ဒီလိုကစားတဲ့သူမျိုးဟာ အမြဲတမ်း ကွင်းရဲ့နောက်စည်းအနက်ဖက် ၈ ပေအကွာလောက်မှာ ဘယ်ပြန်ညာပြန် ချွေးသံတရွှဲရွှဲနဲ့ ပြေးနေတာတွေ့ရပါလိမ့်မယ်။
၃။ တန်ပြန် ခံစစ်အားကိုးသူ (Counter Puncher) -
Rafael Nadal ကို ဥပမာပေးရင် အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။ အထက်မှာပြောခဲ့တဲ့ ခံစစ်အားကိုးသူနဲ့ အဓိက ကွာတဲ့အချက်ကတော့ အခွင့်အလမ်းရရင် ရသလို သူများ အမှားကို မစောင့်ဘဲ အမှတ်ရအောင် ကစားနိုင်တဲ့သူမျိုးဖြစ်ပါတယ်။ (Nadal ကို aggressive baseline လို့ ယူဆကြသူတွေလဲရှိပါတယ်။ ကျွန်တော့အမြင်ကတော့ Nadal က ခံစစ်ကစားဖို့ ပိုအားသန်တယ်လို့မြင်ပါတယ်။ သူကစားရင် နောက်စီးရဲ့ အနောက်ဖက် ၅ ပေ ကနေ ၁၀ ပေ လောက်အကွာကနေ ကစားလေ့ရှိပါတယ်။)
၎။ တကွင်းလုံးကစားတတ်သူ (All Court Player) -
ဒီလိုကစားသမားတွေကတော့ အထက်မှာပြောခဲ့တဲ့ ကစားနည်းတွေအကုန်လုံးကို လိုအပ်ရင် လိုအပ်သလို ကစားတတ်သူမျိုးပေါ့။ Roger Federer, Novak Djokovic, Andy Murray တို့ကတော့ ဒီလိုအုပ်စုထဲမှာ ပါဝင်ပါတယ်။ သူတို့ကစားတဲ့ပွဲတစ်ပွဲကိုကြည့်ရင် ခံစစ်၊ တိုက်စစ်၊ serve and volley အကုန်လုံးလိုလိုသုံးတာတွေ့ရပါလိမ့်မယ်။ ကိုယ့်ပြိုင်ဖက်က ဘာမကြိုက်ဘူးဆိုတာကို မူတည်ပြီး အမျိုးမျိုးပြောင်းကစားနိုင်ကြပါတယ်။ US Open Quarter Final မှာ Andy Murray နဲ့ Juan Martin Del Potro ကစားတာကို ဥပမာပေးရရင် - Del Potro က သူ့ဆီကို ဘောလုံးပြင်းပြင်းရိုက်တာကို သဘောကြပါတယ်။ ဒါကြောင့် Murray ကအဲဒီပွဲမှာ ဘောလုံးကို spin မျိုးစုံသုံးပြီး ဖြေးဖြေးပျော့ပျော့နဲ့ ကစားပြီးအနိုင်ရသွားပါတယ်။ Semifinal မှာ Nadal နဲ့ကစားရင်တော့ ဒီနည်းလမ်းသုံးလို့ မရနိုင်ပါဘူး။
Subscribe to:
Post Comments (Atom)
Post a Comment